အခုတလော ကျမ တော်တော် အလုပ်ရှုပ်နေပါတယ်။ ရှုပ်မှာပေါ့။ အရှုပ်တွေ လုပ်နေတာကိုး။ ကျမ အသက် ဒီ ၂၀၀၉ မှာ ငွေရတုပါ။ ဒါပေမဲ့ ဒီအရွယ်ကြီးအထိ ရေမကူးတတ်သေးလို့ ဒီနှစ်ဦးပိုင်းမှာ ရေကူးသင်တန်းသွားတက်ပါတယ်။ မိန်းကလေး သီးသန့် ဆရာမ သင်တာမှာ အခှုဆိုရင်ရေထဲပြုတ်ကျရင် ပန်းတော်ဝင်ချက်ချင်းမသေနိုင်တော့ပါဘူး။၁၅ မိနစ်လောက်အထိတော့ လာကယ်မဲ့သူကို ယက်ကန်ယက်ကန် နဲ့စောင့်လို့ရပါပြီ။ ပြီးခဲ့တဲ့အပတ်က ကျမဆရာမကသူ့သမီး ၄နှစ်သမီးလေးကိုခေါ်လာပါတယ်။
ကျမတို့အားလုံးအံ့အားသင့်ရပါတယ်။ ဆရာမကို အိမ်ထောင်ရှိတယ်လို့ထင်မထားလို့ပါ။ စကားလဲမစပ်မိတော့မပြောဖြစ်ကြပါဘူး။ ဆရာမက ကိုယ်လုံးကိုယ်ပေါက် အချိုးကျတော့အိမ်ထောင်သည်ကလေးအမေလို့မထင်ကြပါဘူး။
ဒါနဲ့တယောက်တပေါက်ဆရာမကိုဝိုင်းပြောနေကြတုန်း ဆရာမက ကျမကိုမေးပါတယ်။ဝိတ်ဘယ်လောက်
ရှိသလဲတဲ့..။အော်..ဒုက္ခ ရှက်ပါတယ်ဆိုနေမှ ကျမ လဲ မဖြေချင် ဖြေချင် နဲ့ ၆၈ ကီလို လို့ဖြေ လိုက်ရပါတယ်။
ဟုတ်တယ်လေ.. ကျမက အရိုးအဆစ်ကြီးမားပြီး ထွားကြိုင်းသူပါ။ မညှာမတာပြောရရင်တော့ ၀ တယ်ပေါ့ရှင်။
ဆရာမက ဆက်ပြောပါတယ်။ ဒီသမီးလေးကို မွေးပြီးစက သူက ၇၂ ကီလို တဲ့။ ဘုရား .. ဘုရား.. အဲဒါ သူနေ့တိုင်းရေကုး တာ ၆၀ ပတ်တဲ့။ အိပ်ထ မတင် အခါ ၁၀၀ ပါတွဲ လုပ်တယ်တဲ့။ ၂လ ပဲ လုပ်ရတယ်။ အခု ဒီခန္ဓာကိုယ် ဖြစ်သွားတယ်တဲ့။ အခု သူ့ ၀ိတ်က ၅၀ ကီလို တဲ့။
အားကျလိုက်တာ။ ပန်းတော်ဝင်တို့စိတ်ထဲက ကြိတ်ပြီး ငါလဲလုပ်မယ်ဟဲ့ပေါ့။ အမယ်လေးလေး.. အပြောလွယ်သလောက်အလုပ်ခက်တယ်ဆိုတာ ဒါပဲနေမှာ။ ရှေးလူကြီးတွေ အားအားယားယား ပြောခဲ့တာမဟုတ်ဘူး။ ကျမမှာ အခေါက် ၆၀ မပြောနဲ့ ၆ ခေါက်လောက်ကူးမယ်စိတ်ကူးထားတာ။ ၂ ခေါက်လောက်ကူးပြီး တော်တော်မောနေပြီ။ အကြောတက်ချင်သလိုလိုဘာလိုလို.. ဆရာမကပြောပါတယ်။ ဖြေးဖြေးကူး နားနားပြီးကူးတဲ့။ ဘယ်ရမလဲ။ တနည်းမဟန်တနည်းကြံပေါ့။ ရေအများကြီးမကူးနိုင်ရင် အိပ်ထမတင်လုပ်။ ဆရာမက မှာထားပါသေးတယ်။ အကြိမ် ၅၀ ဆက်တိုက်ကို ၂ ခါခွဲလုပ်တဲ့။ ကျမ အကြိမ်၂၀မှာ တခါစီ နားရပါတယ်။ ၂ရက်လောက်လုပ်ပြီး အခုကိုယ်တွေလက်တွေနာနေလို့ ဖျားချင်သလိုတောင်ဖြစ်နေပါတယ်။
ဪ ပါးစပ်က၀င်သွားမိရင် ကိုယ်တွင်ဘေးကြီးရာ ဆိုတာ တကယ်ပါပဲ။ စားတုံးကလွယ်လိုက်တာ။ ၀လာမှ ပိန်ချင်တော့ ဒီအဆီတွေက ရီတာပေါ့။ အမေက ပြောထားပါတယ်။ ရန်ကုန်ပြန်လာလည်မယ်ဆိုရင် ၀ိတ်လေးဘာလေးချ ပြီးမှပြန်လာခဲ့တဲ့။ နင်မရှက်ပေမဲ့ ငါရှက်တယ်တဲ့။